ဧဒင်သို့ သွေးဆောင်သူ..........
ကျွန်တော် ...
သူ့ကို ပန်းတစ်ပွင့်နဲ့ စာတစ်စောင် ပေးခဲ့ဖူးတယ် ...
သူ ...
ကျွန်တော့်ကို စာတစ်စောင်နဲ့ စွဲချက်တစ်ခုတင်ခဲ့ဖူးတယ် ...
...`` ရှင်ဟာ.. ပန်းတစ်ပွင့်(သို့မဟုတ်)
ကဗျာတစ်ပုဒ်နဲ့ နှလုံးသားကို သွေးဆောင်ဖြားယောင်းသူ ...´´ တဲ့
သူ့စာကိုဖတ်ပြီး အဲဒီညက အိပ်မပျော်နိုင်ခဲ့ဘူး ...
နံနက် အရုဏ်တတ်မှပဲ နှင်းဆီဖြူတစ်ပွင့်နဲ့စာတစ်စောင်
သူ့ဆီပေးပို့လိုက်တယ် .....
သို့ /
ချစ်သူ ...
ကိုယ့်ရဲ့နေ့ညများစွာဟာ မင်းကိုလွမ်းတဲ့အလွမ်းတွေနှိုပ်စက်လို့
အိပ်မက်တွေအထိ အဆိပ်တတ်တယ် ...
ဖြေစရာရှာမတွေ့တော့တဲ့ ကိုယ့်နှလုံးသားရဲ့ အရေးပေါ် ဥသြဆွဲသံတွေက
ဦးနှောက်ထဲ စီးဝင်သွားတော့ ...
စာရွက်ဖြူအနှီးလေးပေါ်မှာ မျက်ရည်ကိုသောက်သုံးတဲ့ အလွမ်းပန်း (သို့)
ကဗျာတစ်ပုဒ်ဟာ ...ချစ်သူ နာမည်ကို ဟစ်အော်ပြီး မွေးဖွားဖူးပွင့်ခဲ့တယ် .....
... တကယ်လို့များ ချစ်သူရယ် မင်းပြောသလို ...
ကိုယ့်ရဲ့ ကဗျာတစ်ပုဒ်ဟာ ဖြားယောင်းသွေးဆောင်တယ် ဆိုဦးတော့ ...
ကိုယ်ယုံကြည်တယ်
ဒါဟာ ပန်းရောင်စုံဖူးပွင့်တဲ့ ဧဒင်ဥယျာဉ်ကြီးဆီကိုပဲ ဦးတည်လိမ့်မယ် .....
ချစ်သူရယ် နှင်းဆီဖြူသာပန်ခဲ့ပါ -
မင်းအတွက်ထာဝရ ဥယျာဉ်တံခါး ဖွင့်ဟထားပါတယ် .....။ ။

Comments
Post a Comment