ဆောင်းအိပ်မက်ပမာ ချစ်လျက်နဲ့ဝေး

“ကိုကို...သိပ်ရက်စက်တယ်” မိုးသန္တာ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။ မျက်ဝန်းမှာ မျက်ရည်စတွေ စိုလို့ရွှဲနေသည်။ ဆောင်းလေကတိုက်ခတ်လာသည်။ ၀ရန်တာတွင် ရပ်နေရင်း အချမ်းဓာတ်က လွှမ်းခြုံလာသည်။ ကောင်းကင်မှာ ဖိုးရွှေလမင်းက အရောင်တ၀င်းဝင်းနှင့် တောက်ပနေသည်။ သဘာဝက မိုးလေကင်းစင် ပြီး စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်သော်လည်း မိုးသန္တာရင်ထဲမှာတော့ နေဆယ်စင်းလို ပူပြင်းနေ၏။ ကိုကျော်ခိုင်နှင့် ဘ၀တူချစ်သူတွေဖြစ်ခဲ့ကြရာမှ တစ်သက်တာရွှေလက်တွဲမည်ဟု ဆုံးဖြတ်ခဲ့သော် လည်း လုံးဝမျှော်လင့် မထားခဲ့သည့် အကြောင်းတရားက ဖြစ်ပေါ်ခဲ့လေသည်။ တကယ်ဆို ကိုကျော်ခိုင်က မိုးသန္တာအပေါ်တွင် သည်မျှရက်စက်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပါ။ ကိုကျော်ခိုင်ကို အသည်းနင့် ရင်နင့်အောင်ချစ်ခဲ့မိသည်။ ကိုကျော်ခိုင်နှင့် မိုးသန္တာက ဘ၀တူ အလယ်တန်းပြဆရာများ ဖြစ်ခဲ့ကြသည်။ တစ်ကျောင်းတည်း တာဝန်ထမ်းဆောင်ကြရခြင်းဖြစ်သည်။ ကိုကျော်ခိုင်က ဒေသခံ ကျောင်းဆရာတစ်ယောက်ဖြစ်သော် လည်း မိုးသန္တာက မြို့ပေါ်မှလာရောက်တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ရင်နှင့် အမျှချစ်ခဲ့ကြသည်။ ပျော်ရွှင်ကြည်နူးခဲ့ကြသည်။ တပည့်များ၏ ချစ်ခင်လေးစားခံရသူများဖြစ်ကြသည်။ ရှေ့သွားနောက်လိုက်ညီသည့် ချစ်သူနှစ်ဦးဖြစ်ခဲ့ကြ၏။ သို့သော် သည်နေ့တွင် ကိုကျော်ခိုင်နှင့် တွေ့ဆုံရချိန်တွင် မိုးသန္တာ၏ အသည်းနှလုံး ကြေပျက်ပြုန်း ခဲ့ရလေတော့သည်။ “မိုး” “ကိုကို...ပြောလေ” “မိုးရယ်...ကိုကို မပြောရက်ဘူး” “ကိုကိုရယ်...ဘာများဖြစ်လို့လဲ၊ မိုးနဲ့ကိုကိုက နှစ်ကိုယ့်တစ်စိတ်ပါ၊ ကိုကို့မှာ အခက်အခဲတွေ ရှိနေရင် အတူတူလက်တွဲဖြေရှင်းမယ်လေ၊ ပြောပါကိုကိုရယ်” “မိုး...ကိုကို မပြောရက်ပေမယ့် ပြောမှဖြစ်မယ်” “စကားပလ္လင်ခံမနေပါနဲ့ကိုကိုရယ်...ပြောစရာရှိတာ ပြောပါနော်” “မိုး...မိုးကို ကိုကို သိပ်ချစ်တယ်ဆိုတာ မိုးသိတယ်နော်” “သိပါတယ်ကိုကိုရယ်” “ဒါပေမယ့်...မိုးရယ်” “ဘာဖြစ်လို့လဲ ကိုကိုရယ်...မိုး...စိတ်မောတယ်။ ရင်မောတယ်” “ကိုကိုတို့ လမ်းခွဲရအောင်နော်” “ဘာပြောတယ်...ကိုကို” မိုးသန္တာ ကိုယ့်နားကို ကိုယ်မယုံဖြစ်သွားသည်။ ကိုကျော်ခိုင်ထံမှ သည်လို စကားမျိုး ပြောလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။ “ကိုကိုရယ်...ရက်စက်လိုက်တာနော်၊ မိုးမှာ ဘာအပြစ်ရှိလို့လဲ” “မိုးမှာ ဘာမှ အပြစ်ပြောစရာမရှိပါဘူး။ မိုးကို ကိုကို အရမ်းကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့်...” “ဒါပေမယ့်...ဘာဖြစ်လဲကိုကို” “ခင်မြတ်နိုးကို ကိုကိုလက်ထပ်ရတော့မယ်” “မိုးတို့ကျောင်းက ဆရာမခင်မြတ်နိုးလား” “ဟုတ်တယ်လေ...သူပဲပေါ့” “မိုး...ဘာမှ နားမလည်တော့ဘူး ကိုကိုရယ်” “ကိုကို့မေမေက တစ်ရွာတည်းသား အကြောင်းသိချင်းဖြစ်တဲ့ ခင်မြတ်နိုးနဲ့ ကိုကို့ကို နေရာချ ပေးချင်တယ်တဲ့မိုးရယ်” “ကိုကိုရယ်...ဆရာမခင်မြတ်နိုးကို ကိုကိုချစ်လို့လား” “ခင်မြတ်နိုးကို ကိုကို မချစ်ပါဘူး မိုးရယ်၊ ကိုကို ချစ်တာက မိုးပါ” “မိုးကို ချစ်ရင် ကိုကို့မေမေ စီစဉ်တာကို ငြင်းရမှာပေါ့...ကိုကိုရယ်” “မိုး...ကိုကိုပြောတာကို သေသေချာချာနားထောင်နော်” “ပြောပါကိုကို...မိုး သည်းခံပြီးနားထောင်နေပါမယ်” “ကိုကို ဆယ်တန်းအောင်တော့ အမှတ်က ဆေးကျောင်းတက်ဖို့ အမှတ်မီပါတယ်။ ဖေဖေက ဆရာဝန် ဖြစ်စေချင်တယ်။ ဆေးကျောင်းကို တက်စေချင်တယ်။ ဒါပေမယ့် မေမေက ကိုကို့ကို ကျောင်းဆရာ ဖြစ်စေချင်ခဲ့တယ်။ ကိုကိုက မေမေ့စကားဆို မြေ၀ယ်မကျနားထောင်တတ်တာမို့ မေမေ့ဆန္ဒအတိုင်း ပညာရေးတက္ကသိုလ်ကို တက်ခဲ့တယ်။ ကံအားလျော်စွာပဲ ပညာရေးတက္ကသိုလ်က ဘွဲ့ရပြီးတော့ ဒီရွာမှာပဲ တာဝန်ကျခဲ့တယ်” “ကိုကိုရယ်...ဒါတွေဘာလို့ ပြန်ပြောနေတာလဲ၊ မိုး...သိပြီးသား အကြောင်းအရာတွေပဲဟာ” “အဲဒါတွေကို ပြန်ပြောနေရတာက အကြောင်းရှိလို့ပါ...မိုးရယ်၊ မေမေက ပြောတယ်၊ ကိုကိုနဲ့မိုး ချစ်နေတာကို မေမေသိပါတယ်၊ ဒါပေမယ့် မိုးက မြို့ကလာတက်တဲ့ဆရာမတဲ့၊ အချိန်တန်ရင် မြို့ကို ပြောင်းသွားရင် မေမေချစ်တဲ့ကိုကိုပါ မြို့ကို ပါသွားမှာ သေချာတယ်၊ အဲဒီတော့ ကိုကို့ကို မေမေ့ မျက်စိအောက်က အပျောက်မခံနိုင်လို့ ခင်မြတ်နိုးနဲ့ ကိုကို့ကို နေရာချထားဖို့ စီစဉ်ပြီးပြီလို့ ပြောတယ်” “ကိုကိုရယ်...မိုးလေ ကိုကိုနဲ့ အတူနေရမယ်ဆိုရင် ဒီရွာ၊ ဒီကျောင်းက ပြောင်းမသွားပါဘူး၊ အသက်ထက်ဆုံး နေသွားပါမယ်...ကိုကိုရယ်၊ မိုးကို ဘယ်တော့မှ မခွဲဘူးလို့ ပြောထားခဲ့တာတွေ မေ့သွားပြီလား” “မိုးရယ်...ကိုကို ဘယ်လိုပြောရမလဲနော်၊ မိုးကို ကိုကို အသက်ထက်ဆုံးပေါင်းဖို့ ဆုံးဖြတ်ထားပါတယ်၊ ဒါပေမယ့်...ကိုကိုလေ မေမေ့ဆန္ဒတွေ ဖြည့်ဆည်းပေးချင်တယ်” “ရက်စက်လိုက်တာ...ကိုကိုရယ်” “ကိုကို...ပြန်တော့မယ်နော်၊ ကံကြမ္မာ မကုန်ရင်တော့ ပေါင်းရမှာပေါ့ မိုးရယ်” ကိုကျော်ခိုင်က နောက်ကို ပြန်လှည့်မကြည့်ဘဲ မိုးသန္တာ အပါးက ထွက်ခွါသွားလေသည်။ မိုးသန္တာက မျက်နှာကို လက်ဝါးဖြင့် အုပ်၍ အားရပါးရ ငိုချလိုက်လေ၏။ ♥♥♥♥♥♥♥ ကိုကျော်ခိုင်က မိုးသန္တာကို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသည်။ ဆရာမ ခင်မြတ်နိုးနှင့် တတွဲတွဲ လုပ်နေသည်။ မိုးသန္တာ ရင်ထဲမှာ ခံစားနေရသည်မှာ ဆိုးဝါးလှသည်။ စာသင်ရာတွင်လည်း စိတ်မပါ။ ဘယ်အရာမှ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုတစ်ခုပမာ ဖြစ်ခဲ့ရသည်။ မကြင်နာရက်စက်သူ၊ အသက်ထက်ဆုံး မမုန်းစတမ်း မမေ့စတမ်း လျှာအရိုးမရှိတိုင်း ပြောကြားခဲ့သည့် ကိုကျော်ခိုင်၏ စကားလုံးများကို ယုံမှားမိခဲ့လေခြင်းဟု မိမိကိုယ်ကိုသာ အပြစ်တင်နေမိတော့သည်။ ကျောင်းဆင်းပြီးနောက် အခန်းကို ပြန်ရောက်ချိန်တွင် အခန်းဖော်ဆရာမတစ်ယောက်က စာတစ်စောင်လာ ပေးသည်။ “မိုး...ကိုကျော်ခိုင်...ပေးခိုင်းလိုက်လို့ ယူလာပေးတာ” မိုးသန္တာက စာကို မယူချင့်ယူချင်ဖြင့် လှမ်းယူလိုက်သည်။ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ အနည်းငယ် အေးနေသော်လည်း ရေချိုးသည်။ သနပ်ခါးလိမ်းရန် ဆန္ဒမရှိသဖြင့် အ၀တ်အစားဝတ်ဆင် ပြီး သိုးမွှေးအင်္ကျီကို အပေါ်က ထပ်ဝတ်လိုက်သည်။ စားပွဲပေါ်တင်ထားသည့်စာကို စိတ်မပါသော် လည်း ကောက်ယူလိုက်သည်။ စာအိတ်ကို ဖွင့်ဖောက်လိုက်သည်။ အထဲကစာကို ထုတ်ပြီး ဖတ်လိုက်သည်။ “မိုး မိုးကို ကိုကို အနူးအညွတ်တောင်းပန်ပါတယ်။ မိုးရဲ့ခံယူချက်ဖြစ်တဲ့ ဒီကျောင်း၊ ဒီရွာ၊ ဒီဒေသမှာ ကိုကိုနဲ့အတူ ရိုးမြေကျနေထိုင်ပါမယ်ဆိုတဲ့ ဆန္ဒကို မေမေ့ကို ပြောပြပါတယ်...မိုးရယ်၊ မေမေက သူ့အနေနဲ့ သမီးလေးတစ်ယောက်လို ချစ်တဲ့ ခင်မြတ်နိုး နဲ့ပဲ ကိုကိုနဲ့ သဘောတူတယ်။ ခင်မြတ်နိုးက လွဲရင် ဘယ်သူနဲ့မှ မကြည်ဖြူနိုင်ဘူးလို့ ပြောတယ်။ ကိုကို့မေမေဟာ ကိုကို့ဘ၀ပါမိုးရယ်။ မေမေ သဘောတူ ကြည်ဖြူတဲ့သူကိုပဲ ကိုကို လက်ထပ်ပါရ စေနော်။ မိုးရယ်... မိုးနဲ့ကိုကို ဒီဘ၀၊ ဒီမျှနဲ့သာ အဆုံးသတ်ပါတော့နော်... အချစ်ဆုံးချစ်ခဲ့တဲ့ ကိုကို” မိုးသန္တာက စာရွက်ကို လုံးချေလိုက်သည်။ ကံကြမ္မာဆိုး အငြိုးနဲ့လာ ရင်မှာနာ အသည်းဝေဒနာ မခံသာပါလား။ မကြာခင်အချိန်တွင် ကိုကျော်နိုင်နှင့် မခင်မြတ်နိုး တို့ လက်ထပ်မင်္ဂလာကို စည်းကားစွာ ကျင်းပနေချိန်တွင် ချစ်သူပြစ်မလေး မိုးသန္တာ တစ်ယောက် အဝေးသို့ ထွက်ခွါ သွားသည်ကို မည်သူမှ သတိမထားမိမည် မဟုတ်ပေ။ ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ပါစေ...

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ