အောင်မြင်မှုတစ်ရပ်ကို စနစ်တကျမွေးဖွားခြင်း
အောင်မြင်မှုတစ်ရပ်ကို စနစ်တကျ မွေးဖွားခြင်း
--------------------
ကျွန်တော်တို့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရာမှာ အောင်မြင်လာဖို့ Motivation, Interest, Contribution နဲ့ Commitment ဆိုတဲ့ ကဏ္ဍ လေးရပ် လိုအပ်ပါတယ်။
Motivation ဆိုတာ တွန်းအား သဘော တစ်ခုထက် မပိုပါဘူး။ တွန်းအား ဟာ မခံချင်စိတ်ကနေ စတင်တာ ရှိတယ်။ အနိုင်လိုချင်မှုကနေ စလာတာ ရှိတယ်။ ပြောင်းလဲလိုခြင်းကြောင့် ဖြစ်လာတာတွေ ရှိတယ်။
သို့သော် Motivation ဆိုတာ အလုပ်တစ်ခု စတင်ရုံသာ စတင်နိုင်ပြီး သူ့ရဲ့ နောက်တစ်ဆင့် Interest ဆိုတဲ့ စိတ်ဝင်စားမှု မရှိတဲ့အခါ ဒီ အလုပ်ဟာ မအောင်မြင်နိုင်တော့ပဲ ရပ်တန့်သွားတတ်ပါတယ်။
Interest ဆိုတာ ပျော်ရွှင်မှုနဲ့ ဆက်နွယ်တယ်။ ဒီ အလုပ်တစ်ခုအပေါ်မှာ လူတစ်ယောက်ဟာ စိတ်ပါဝင်စားလာတယ်။ ပျော်လာတယ် ဆိုရင် ဒါ အောင်မြင်ရေးမှာ လမ်းတစ်ဝက်ကို ရောက်လာပြီလို့ ပြောနိုင်ပါပြီ။
သို့သော် Interest ဟာလည်း ကိုယ့်အတွက် ပျင်းစရာ ကောင်းလာတဲ့အခါ... စိတ်ဝင်စားမှု ကုန်ဆုံးလာတဲ့အခါမှာ အလိုအလျောက် ရပ်တန့်ရတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားမှု မရှိတဲ့အခါလည်း အောင်မြင်ရေး လမ်းဟာ အချိန်မတိုင်ခင် အဆုံးသတ်ရ တတ်ပါတယ်၊
Contribution နဲ့ Commitment ဆိုတာ ဘာလဲ။ ဒီအကြောင်းကို ပုံပြင်လေး တစ်ခုမှာ ကြားဖူးတာက... မနက်စာ စားနေတုန်းမှာ သားက အဖေကို မေးတယ်တဲ့။
သား - "ဖေဖေ... ကျောင်းမှာ ဒီကနေ့ Contribution နဲ့ Commitment အကြောင်း သင်မယ်တဲ့။ ဒီ ၂ ခု ဘာကွာလဲ ဆိုတာ ရှင်းပြပါလား။"
ဒီတော့ အဖေက "အော်... လွယ်ပါတယ်။ သား ရှေ့က ပန်းကန်ထဲမှာ ဘာရှိလဲ။" လို့ ပြန်မေးလိုက် ပါတယ်။
ဒီတော့ သားဖြစ်သူက ပန်းကန်ထဲကို ကြည့်ရင်း ဒီလို ပြန်ဖြေပါတယ်။
"ကြက်ဥကြော်နဲ့ ဝက်သားပြား ရှိတယ် ဖေဖေ"
အဖေ - "ကြက်ဥကြော်ဟာ ကြက်မရဲ့ Contribution ဖြစ်ပြီးတော့ ဝက်သားပြားကတော့ ဝက်ရဲ့ Commitment ပဲကွဲ့။ ကြက်မဟာ သူ့ရဲ့ ကြက်ဥတွေထဲက တစ်လုံးကို ဒီ မနက်စာ တစ်ပွဲ အတွက် မျှလိုက်ရုံပေမယ့် ဝက်ကတော့ ဒီ အသားပြားလေး ပေးရဖို့ကို အသက်ပါ ပေးလိုက်ရတယ်။ အဲ့ဒါ Contribution နဲ့ Commitment ကြားက ကွာခြားချက်ပဲ။" လို့ ဥပမာပေး ရှင်းပြသွားခဲ့ပါတယ်။
Motivation နဲ့ Interest အလွန်မှာ ကျွန်တော်တို့ သာမန် တော်ရုံသင့်ရုံ အောင်မြင်ဖို့ဆိုရင် Contribution ဆိုတဲ့ ပါဝင် ပတ်သက်သူတိုင်းရဲ့ နိုင်သလောက် တာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
ကြက်မ တစ်ကောင်ရဲ့ ကြက်ဥတစ်လုံးဟာ မနက်စာ တစ်ပွဲ အတွက် ဝင်ရောက် မျှဝေသလိုပဲ ကျွန်တော်တို့ တစ်ယောက်စီရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ထည့်ဝင် ကူညီမှုဟာ အတိုင်းအတာ တစ်ခုအထိ ဒီပတ်ဝန်းကျင်ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။
သို့သော်... ဒီပတ်ဝန်းကျင်ကြီး တစ်ခုလုံး ကြောက်ဖို့ ကောင်းလောက်အောင် လျှမ်းလျှမ်းတောက် အောင်မြင်လာဖို့ဆိုရင် ဝက်လို မိမိ အရင်းအမြစ် ရှိသမျှကို အသုံးချပြီး Commitment လုပ်တဲ့ လူတွေ လိုအပ်ပါတယ်။
Commitment သံဓိဌာန် ဆိုတာဟာ ကြောက်ဖို့ အလွန်ကောင်းတယ်။ သူဟာ ကတိတွေကို တကယ်ဖြစ်လာအောင် တည်ဆောက်နိုင်တယ်။ သံဓိဌာန်မှာ ဆင်ခြေမရှိတော့ဘူး။ ရွေးချယ်စရာ မရှိတော့ဘူး။ ရလဒ်ကို တန်းထုတ်ပေးနိုင်စွမ်းပဲ ရှိပါတယ်။
သံဓိဌာန်မှာ လုပ်ချင်စိတ်တွေ ကုန်ဆုံးချင် ကုန်ဆုံးနေမယ်။ အရာရာဟာလည်း သေဆုံးချင် သေဆုံးနေမယ်။ မိမိ ပတ်ဝန်းကျင်မှာလဲ တစ်ယောက်မှ ရှိချင်မှ ရှိတော့မယ်။ သို့သော် ဘာတစ်ခုကိုမှ ဂရုမစိုက်ပဲ ပန်းတိုင် တစ်ခုထဲကို မြင်ပြီး လျှောက်နေတာမျိုး ဖြစ်တယ်။
ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရာမှာ မအောင်မြင်လာပဲ ကျဆုံးတယ် ဆိုတာ Interest ဆိုတဲ့ စိတ်ဝင်စားမှု ကင်းမဲ့လာခြင်းကြောင့် ဖြစ်တယ်။
အောင်မြင်လာတယ်ဆိုတာ Contribution နိုင်နင်းစွာ ပါဝင်လာကြလို့ ဖြစ်တယ်။
ထိပ်ဆုံးမှာ ရပ်နိုင်ပြီဆိုရင်တော့ ဒီ အဖွဲ့အစည်းမှာ ထူးခြားတဲ့ Commitment သမားတွေ ရှိနေလို့ ဆိုတာ အသေအချာပါပဲ။
- မှတ်စုကြမ်း #kyawnge
Comments
Post a Comment