ဒုတိယကမ္ဘာစစ်နှင့်ပတ်သတ်၍လူသိနည်းသောအကြောင်းအရာအချို့

ဒုတိယ ကမ္ဘာစစ်ဆိုတာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ခုနှစ်အတွင်း တစ်ကမ္ဘာလုံးပါဝင်ဆင်နွဲခဲ့သော စစ်ပွဲဖြစ်ပါတယ်။ အဓိက ကတော့ မဟာမိတ်နိုင်ငံများ နဲ့ ၀င်ရိုးတန်း နိုင်ငံများရဲ့တိုက်ပွဲဖြစ်ပါတယ်။ မဟာမိတ်တို့ဘက်မှ အမေရိကန် ၊ ဆိုဗီယက် ၊ ဗြိတိန် တို့ကဦးဆောင်ပြီး ၀န်ရိုးတန်းနိုင်ငံတွေကတော့ ဂျာမဏီ ၊ ဂျပန် နဲ့ အီတလီ တို့ဖြစ်ပါတယ်။ စစ်သားဦးရေ သန်း ၁၀၀ ကျော်ပါဝင်တိုက်ခိုက်ခဲ့ပြီး သမိုင်းတလျှောက် အသေအကြေအများဆုံးနဲ့ အပျက်အစီးအများဆုံး စစ်ပွဲအဖြစ် မှတ်တမ်းတင်သွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်နဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ်အချက်တချို့ကို  မိတ်ဆွေများအတွက် ရေးသားဝေမျှလိုက်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကို ပထမကမ္ဘာစစ်ရဲ့အဆက်လို့ တချို့ကယုံကြည်ကြတယ်၊ တချို့ကတော့ ဂျပန်က မန်ချူးရီးယားကို ကျူးကျော်တဲ့အချိန်မှာ စတင်တယ်လို့ ယုံကြည်ကြပြီး တချို့ကတော့ ဂျာမဏီက ပိုလန်ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ သမိုင်းပညာရှင်များကတော့ ဂျာမန်တွေ ပိုလန်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၁၉၃၉ခုနှစ် စက်တင်ဘာ ၁ရက်နေ့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစလို့သတ်မှတ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်ဟာ သမိုင်းတလျှောက် လူအများဆုံးသေခဲ့တဲ့ စစ်ပွဲဖြစ်ပြီး စုစုပေါင်း သန်း ၅၀ မှ သန်း၇၀ကြား သေဆုံးခဲ့ပါတယ်။ အများစုကတော့ ဆိုဗီယက် နဲ့ တရုတ်နိုင်ငံမှ လူတွေဖြစ်ပါတယ်။ စစ်စရိတ်လည်း အလွန်ကြီးမားခဲ့ပြီး ပျမ်းမျှအားဖြင့် အမေရိကန် ၁ထရီလီယံ(ဒေါ်လာ သန်းပေါင်း ၁သန်း) ခန့် ကုန်ကျခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

ဂျာမန်တွေဟာ ဒုတိယကမ္ဘာစစ် မစခင်တည်းက လူအမြောက်အများသတ်ဖြတ်မှုကို စတင်ခဲ့ပြီး ဂျူးလူမျိုးသန်းချီပြီး အသတ်ခံခဲ့ရပါတယ်။ သတ်ဖြတ်ခံရတဲ့အထဲမှာ ကလေးငယ်ပေါင်း ၁.၁သန်း ပါဝင်ခဲ့ပါတယ်။

၁၉၃၈ခုနှစ် ကမ္ဘာ့လူဦးရေရဲ့ ၃% ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အသတ်ခံခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ်ရဲ့ လူအသေအပျောက်အများဆုံးနိုင်ငံဟာ ဆိုဗီယက်ရုရှားနိုင်ငံဖြစ်ပြီး လူပေါင်း ၂၁သန်းကျော်ဟာ စစ်ပွဲအတွင်းမှာ သေဆုံးခဲ့ပါတယ်။ ၁၉၂၃ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယောင်္ကျားလေးစုစုပေါင်းရဲ့ ၈၀ရာခိုင်နှုန်း စစ်ပွဲအတွင်းမှာ သေဆုံးခဲ့ပါတယ်။

မဟာမိတ်တွေ ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးတန်ချိန်ပေါင်း ၃.၄သန်းကို ကြဲချခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက အရှည်ကြာဆုံးတိုက်ပွဲကတော့ အတ္တလန်တစ်တိုက်ပွဲဖြစ်ပြီး ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ခုနှစ် အထိကြာခဲ့ပါတယ်။ တိုက်ခိုက်ခဲ့သူတွေကတော့ တစ်ဖက်က ဗြိတိန်နဲ့ အမေရိကန် ၊ ကနေဒါ ၊ ပြင်သစ် တို့ကဦးဆောင်ပြီး ကျန်တစ်ဖက်ကတော့ ဂျာမဏီ နဲ့ အီတလီတို့ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာ သိပ္ပံနည်းပညာပေါင်းစုံကို သုံးစွဲခဲ့ကြပါတယ်။ ရေငုပ်သင်္ဘောတွေကိုလည်း အမြောက်အများသုံးစွဲခဲ့ပါတယ်။ ရေငုပ်သင်္ဘောစစ်သား ၄၀၀၀၀ ကျော်ဟာ စစ်ပွဲအပြီးမှာတော့ ၁၀၀၀၀ ကျော်ပဲ ကျန်ပါတော့တယ်။

အမေရိကန်တွေဟာ ဂျာမန်တွေနဲ့တိုက်ခိုက်ခဲ့တဲ့ Bulge တိုက်ပွဲမှာ စစ်သား ၈၀၀၀၀ ကျော်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တွေရဲ့ အကျအရှုံးအများဆုံးတိုက်ပွဲဖြစ်ပါတယ်။

ပုလဲဆိပ်ကမ်းတိုက်ပွဲမှာ အမေရိကန် သင်္ဘော ၁၈စင်းဟာ အကြီးအကျယ် ပျက်စီး (သို့) နစ်မြုပ်ခဲ့ရပါတယ်။ သင်္ဘောတွေနဲ့အတူ တပ်သား ၂၄၀၀ လည်းသေဆုံးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေဟာ တရုတ်မြို့တစ်မြို့ကို ပလိပ်ရောဂါပိုးတွေ သယ်ဆောင်ထားတဲ့ပိုးမွှားတွေကို ကြဲချခဲ့ပါတယ်။ အဲဒီနေရာမှာ ပလိပ်ရောဂါဟာ ကပ်အသွင်ဖြစ်ခဲ့ပြီး လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်တွေရဲ့သတ်ခြင်းကို ခံရတဲ့ဂျူးလူမျိုး အရေအတွက်ထက် များစွာပိုပါတယ်။ ဂျပန်စစ်တပ်ဟာ လူပေါင်း ၁၀သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဒီအထဲက ၆သန်းကျော်ဟာ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ ကျန်တာတွေကတော့ အရှေ့တောင်အာရှနိုင်ငံတွေက လူမျိုးတွေဖြစ်ပါတယ်။

ဆိုဗီယက်တပ်တွေ ဂျာမဏီကို တိုက်ခိုက်ချိန်အတွင်းမှာ ၁၃နှစ် မှ ၇၀နှစ် ကြား ဂျာမန်အမျိုးသမီး ၂သန်းနီးပါးဟာ ဆိုဗီယက်တွေရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။

၁၉၄၁ခုနှစ် အောက်တိုဘာလမှာ ရိုမေးနီးယားတွေဟာ ဂျူးလူမျိုး ၃သောင်းကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့ပါတယ်။ မီးရှို့သတ်ခြင်း ၊ သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို Odessa massacre လို့ခေါ်ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျစ်ကားပေါင်း ၆၅၀၀၀၀ ထုတ်လုပ်ခဲ့ပြီး စက်သေနတ်ပေါင်း ၃သန်း ၊ လေယာဉ်အစင်းပေါင်း ၃သိန်း ၊ တင့်ကားပေါင်း ၈၉၀၀၀ ထုတ်လုပ်တည်ဆောက်ခဲ့ကြပါတယ်။ ပထမဆုံး ဂျက်လေယာဉ်ဖိုက်တာတွေကိုတော့ ဂျာမန်တွေက စတင်အသုံးပြုခဲ့ပါတယ်။

စစ်ပွဲအတွင်းကာလမှာ အမေရိကန်တွေဟာ သူတို့အနှစ်သက်ဆုံးအစားအစာဖြစ်တဲ့ hamburger ကို hamburger လို့မခေါ်ပဲ Liberty Steaks လို့ခေါ်ခဲ့ပါတယ်။ hamburger ရဲ့အသံထွက်ဟာ ဂျာမန်နာမည်နဲ့တူနေလို့ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်ကတော့ ဂျာမန်က လက်နက်ချတဲ့အချိန် ၊ အမေရိကန်က ဟီနိုရှီးမားနဲ့ နာဂါစကီမြို့တွေကို နျူကလီးယားဗုံးကြဲချပြီး နောက် ဂျပန်တွေလက်နက်ချတဲ့အချိန်လို့ သတ်မှတ်ကြပါတယ်။ ဂျပန်တွေဟာ ၁၉၄၅ခုနှစ် စက်တင်ဘာ၂ ရက်နေ့မှာ လက်နက်ချခဲ့တာဖြစ်ပါတယ်။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ