ရိုသေ သမှုရှိခြင်းက မြန်မာတွေအတွက်ဘာ့ကြောင့်အရေးကြီးသလဲ
မြန်မာတို့ဟာ တစ်ဦးနဲ့တစ်ဦး ရိုသေလေးစားစွာ ဆက်ဆံတတ်ကြပါတယ်။ ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားဆိုတဲ့ စကားအတိုင်း အသက်အရွယ်အလိုက် ပေးအပ်သင့်တဲ့ ရိုသေလေးစားမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်ဆံရေးမှာ ရိုသေသမှုရှိခြင်း၊ မရှိခြင်းဟာ မြန်မာလူမျိုးများ အတွက် အရေးကြီးတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှုရဲ့တစ်စိတ်တစ်ဒေသ
မြန်မာ့အသိုင်းအ၀ိုင်းအတွင်း တစ်ဦးကိုတစ်ဦး ရိုသေလေးစားမှုနဲ့ ပြောဆိုဆက်ဆံခြင်းဟာ ရှေးယခင်နှစ်ပေါင်းများစွာ တည်းက သန္ဓေတည်လာခဲ့ပါတယ်။ ညင်သာပျော့ပျောင်းပြီး နားဝင်ချိုတဲ့ နာမ်စားပေါင်းများစွာ မြန်မာဘာသာစကားမှာ ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့် မြန်မာ့လူအဖွဲ့အစည်းမှာ အချင်းချင်း ရိုသေလေးစားမှုက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ အထင်းသား သိနိုင်ပါတယ်။ မည်သည့်အသက်အရွယ်၊ ရာထူးနေရာမျိုးကို မဆို မေတ္တာတရားရှေ့ထားပြီး နူးနူးညံ့ညံ့ ဆက်ဆံပြောဆိုခြင်းဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါ တည်ရှိနေပါတယ်။
လူတစ်ယောက်ရဲ့ အမူအကျင့်ကိုပါ အဆုံးအဖြတ်ပေး
မြန်မာ့အသိုင်းအ၀ိုင်းမှာ လူမှုဆက်ဆံရေး ကောင်းမွန်ဖို့အတွက် ဖော်ရွေရင်းနှီးမှုနဲ့ ရိုသေသမှုရှိစွာ ပြောဆိုဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။ မည်မျှပဲ အရည်အချင်းတွေ ပြည့်စုံပြီး ထူးချွန်ထက်မြက်နေတဲ့သူ ဖြစ်စေကာမူ ဆက်ဆံရေးမှာ ရိုင်းပျစွာ ဆက်ဆံတတ်သူဟာ လူ့အသိုင်းအ၀ိုင်းက ရှောင်ကျဉ်ခြင်းကို ခံရတတ်ပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ မိမိရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို မစောင့်စည်း၊ မထိန်းသိမ်းနိုင်သူဟာ အမူအကျင့်မကောင်းသူအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ ဒါကြောင့်လည်း မြန်မာတို့ဟာ ငယ်ရွယ်စဉ်အချိန်အခါကတည်းက ကိုယ်အမူအရာ၊ နှုတ်အမူ အရာ ပြေပြစ်သိမ်မွေ့ဖို့ အစဉ်အဆက် သင်ယူခဲ့ကြရခြင်း ဖြစ်ပါတယ်။ ဥပမာ – လူကြီးသူမတွေရှေ့ ဖြတ်လျှောက်တဲ့အခါ ကိုယ်ကိုညွတ်ကိုင်းသွားဖို့၊ ထမင်းလက်ဆုံစားတဲ့အခါ စားဦးစားဖျားကို ဦးချဖို့စတဲ့ အသေးအမွှားလေးတွေကအစ ယဉ်ကျေးသိမ်မွေ့ပြီး ရိုရိုသေသေ ပြုမူတတ်အောင် လက်ဆင့်ကမ်း သင်ကြားခဲ့ကြပါတယ်။ ဒါဟာ လူရည်မွန်လေးတွေ ဖြစ်စေဖို့ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက လေ့ကျင့်သင်ကြားခဲ့ကြတဲ့ မြန်မာ့ထုံးတမ်း အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။
ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်
လူမှုဆက်ဆံရေးမှာ ရိုသေသမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်အမူအရာလေးတွေကအစ စကားလုံးရွေးချယ်သုံးနှုန်း မှုတွေအထိ တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်၊ အသုံးအနှုန်းနဲ့ မျက်နှာအမူအရာတို့ဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လိုသူတိုင်း မဖြစ်မနေ ရှိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူအချင်းချင်း ရိုသေလေးစားစွာနဲ့ ဆက်ဆံခြင်းဟာ နှစ်ဦးနှစ်ဖက် စိတ်ချမ်းမြေ့စေပြီး တာရှည်ခံတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်စေပါတယ်။ သားသမီးနဲ့မိဘ၊ ဆရာနဲ့ကျောင်းသား၊ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းအစရှိတဲ့ ဆက်ဆံရေးတိုင်းမှာ အပြန်အလှန် လေးစားမှုရှိခြင်းအားဖြင့် ရင်းနှီးနွေးထွေးပြီး ချစ်ခင်ဖွယ်ကောင်းတဲ့ လူမှုဝန်းကျင်လေးကို ထူထောင်နိုင်မှာလည်း ဖြစ်ပါတယ်။
Comments
Post a Comment